ဘက်ဂ်ဂါယူနိုက်တက်

နိုင်ငံတကာ ဘောလုံးကလပ်အသင်းများနည်းတူ ငပေါဂေဟာတွင်လည်း စနစ်တကျ ဖွဲ့စည်းထားသော ဘက်ဂ်ဂါယူနိုက်တက် ဘောလုံးအသင်းဟူ၍ ရှိလေသည်။ ၁၈ရက်နေ့ အောက်တိုဘာလထုတ် ဖွတ်အလဲဗင်း အားကစားဂျာနယ်တွင် ဘောလုံးအသင်းပိုင်ရှင်ဦးပေါ်ပေါ်အား ဂေဟာမှ အားကစားဝန်ကြီးကိုယ်တိုင် သွားရောက်အင်တာဗျူးခဲ့သော သတင်းပါရှိလေသည်။

အား - ဟုတ်ကဲ့ ဦးပေါ်ပေါ်ခင်ဗျား .. ဘောလုံးကလပ်အသင်း စတင်ဖွဲ့စည်းခဲ့ပုံအကြောင်း ရှင်းပြပေးပါအုံး ။

ပေါ် - ဟုတ်ကဲ့ပါ.. ဂေဟာကိုယ်စားပြု ဘောလုံးကလပ်အသင်းဖွဲ့မယ်ဆိုပြီး အားကစားဝန်ကြီးနဲ့ တိုင်ပင်ကြည့်တော့ သဘောတူတာနဲ့ ကလပ်လုပ်ဖြစ်သွားတာ။ "ဂေဟာအားကစား ကမ္ဘာကို ဂွမ်းစေရမည်" ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ ကျွန်တော့်ကလပ်အသင်းအောင်မြင်ဖို့ မြန်မာတပြည်လုံးမှာရှိတဲ့ သူတောင်းစားတွေစုရုံးပြီး ဘက်ဂ်ဂါယူနိုက်တက် ဆိုပြီး အသင်းဖွဲ့ယှဉ်ပြိုင်ခဲ့တာပါ။

ပြည်တွင်းကစားသမားတွေသာမက အင်တာနက်ရှင်နယ်ပလေယာအနေနဲ့ ဘောလုံးလောကမှာ နာမည်ကြီးတဲ့ ဘရာဇီးနိုင်ငံက သူတောင်းစားတွေရော၊ တခြား အီးသီယိုးပီးယားစတဲ့ အာဖရိကကသူတောင်းစားတွေပါ စုပေါင်းဖွဲ့စည်းထားခဲ့တာပါ။ အင်္ကျီဗလာ ဘောင်းဘီဗလာ ၀တ်ဆင်ထားတဲ့ ကျွန်တော်တို့ရဲ့ ဘက်ဂ်ဂါယူနိုက်တက်ဟာ ဒီနှစ်ဘောလုံးရာသီမှာ ဒယ်လ်တာယူနိုက်တက်နဲ့ အပြိုင်ဖြစ်လာတော့မှာပါ။

အား - ဟုတ်ကဲ့ .. အဲဒီလို ဖွဲ့စည်းပြီးနောက် အသင်းရဲ့ အောင်မြင်မှုအခြေအနေကရောခင်ဗျ ။ မှန်းထားသလောက်ဖြစ်ရဲ့လား။ ဘယ်လို လေ့ကျင်ပေးတယ် ဆိုတာတွေပါ အသေးစိတ် ပြောပြပေးနိုင်မလားခင်ဗျ။

ပေါ် - အခြေအနေ အတော်လေး ကောင်းနေတယ်ခင်ဗျ ။ မနေ့က အထိတော့ တစ်ပွဲမှ မကန်ရသေးတော့ ရှုံးပွဲမရှိသေးဘူးပေါ့နော် ။ မနေ့က အခန့်မသင့်ပဲ ၆ဂိုး သုညနဲ့ ရှုံးသွားတယ်။ ဒါပေမယ့် ကျွန်တော်တို့ အသင်းက တန်းဇယားရဲ့ အပေါ်ဆုံးမှာရပ်တည်နိုင်တုန်းပါပဲ..တန်းစီဇယားကို ဇောက်ထိုးကြည့်ရင်ပေါ့လေ။ အသင်းရဲ့ တိုက်စစ်က တော်တော်ကောင်းပါတယ် ။ လူတွေပဲ ခဏခဏတိုက်နေလို့ အနီကတ် ၄ ခါတောင်အပြခံလိုက်ရတာပဲ ကြည့် ။ ဂိုးသွင်းအား ကြည့်မယ်ဆိုရင်လည်း ၃ဂိုးတိတိ ကိုယ့်ဂိုးကိုယ်ပြန်သွင်းနိုင်ခဲ့လို့ ညံ့တယ်လို့တော့ မဆိုနိုင်ပါဘူး။

ခက်တာက ကျွန်တော့်ကစားသမားတွေက အမြင့်ဘော သိပ်မနိုင်ဘူးဗျ ။ ဒီတော့ အမြင့်ဘောလုံးတွေ ထိန်းတတ်လာအောင် ကြိုးချည်ထားတဲ့ မိုးပျံပူဖောင်းတစ်လုံးစီ ကစားသမားတွေကိုကိုင်ခိုင်းပြီး တို့ခိုင်းတယ်ခင်ဗျ။ တော်ပါတယ်..အားလုံးက သုံးလေးငါး ချက်လောက် (ပူဖောင်းမပေါက်မချင်း) မြေကြီးပေါ်မကျအောင် ထိန်းနိုင်သိမ်းနိုင်ကြပါတယ်။

ပြီးတော့ ခေါင်းတိုက်ချက်တွေပျော့နေသေးလို့ တိုက်ချက်တွေပြင်းလာအောင် ကစားသမားတွေကို ဒူးရင်းသီးကို ဘောလုံးလုပ်ပြီး ခေါင်းတိုက်လေ့ကျင့်စေပါတယ်။ အစပိုင်းမှာ အနာတရရှိတာပေါ့နော်..နောက်ပိုင်းကျတော့... အသက်ပါထွက်ရောပဲ..။

အား - ရာသီကုန် ဖလားရမယ်လို့မှန်းထားသလားဆရာ။ ဖြစ်နိုင်မယ်လို့ထင်သလား...

ပေါ် - ကျွန်တော်လည်း သူတို့လေးတွေကို ဖြစ်စေချင်ပါတယ် (ပြဿနာ) ၊ (သက်ပြင်းချလျှက် ကျော်ဟိန်းလေသံဖြင့်)..ဟင်း..ဒင်းတို့ကို ရစေချင်တယ်ဗျာ (နောင်တ)...
ဖလား ရ၊ မရတော့ မသိဘူး.. မနေ့က ကန်တဲ့ ပွဲမှာတော့ ပရိသတ်တွေပစ်ပေါက်တဲ့ ခွက်တွေ ၊ ရေသန့်ဗူးခွံတွေ အတော်ရလိုက်တယ်။ သူတို့တွေလည်း ပျော်လွန်းလို့ ဘောလုံးတောင်လှည့်မကြည့်ဘူး.. အဲဒါတွေပဲ ၀မ်းသာအားရ လိုက်ကောက်ကြတာပေါ့။ အပြင်မှာဆို တကူးတက လိုက်ရှာကောက်ပြီး ရောင်းနေရတာကိုး ။ ခုတော့ သူတို့လည်း သက်သာ ၊ ကျွန်တော်လည်း သူတောင်းစားတွေဆီက ရောင်းရတဲ့ ပိုက်ဆံကို ပြန်တောင်း..အတော်လေး တွက်ချေကိုက်ပါတယ် ။ ဘာပဲဖြစ်ဖြစ် ကျေနပ်ပါတယ် ဒီအခြေအနေလေးကိုပဲ ။

အား - ပြိုင်ပွဲမှာ ခိုက်ရန်ဖြစ်ပွားတာမျိုးဖြစ်သေးလားခင်ဗျ ။

ပေါ် - ဒါမျိုးတွေကတော့ ရှိတာပေါ့ဗျာ။ ဒိုင်လူကြီးဆုံးဖြတ်ချက်ကို မကျေနပ်တာက စတာပဲ။ ဒီတော့ နောက်ပိုင်းပွဲတွေမှာ ဒိုင်လူကြီးမထည့်ပဲ ယှဉ်ပြိုင်စေချင်တယ်။ ဒါကိုလည်း ပေါဂေဟာက အားကစားဝန်ကြီးက သဘောတူပါတယ်။

အား - ဟုတ်ကဲ့.. ခုလို ဘောလုံးကလပ်အသင်းကြီးကို ပိုင်ဆိုင်နိုင်တဲ့အခြေအနေထိ အောင်မြင်ချမ်းသာအောင်အောင် ဦးပေါ်ပေါ် အနေနဲ့ ဘယ်လိုဘယ်ပုံ ကြိုးစားခဲ့ရလဲဆိုတာ သိပါရစေခင်ဗျ။

ပေါ် - ကျွန်တော် အသက်၂၅နှစ်လောက်မှာ စက်ပိုင်ရှင်သူဌေးဖြစ်လာပါတယ်။ ဘာစက်လဲဆိုတော့ ခဲတံချွန်စက်ပါ။ ခဲတံ တစ်ချောင်းချွန်ပေးရင် ၁၀၀ကျပ်ယူပါတယ်။ အဲလိုနဲ့ စီးပွားရေးအောင်မြင်မလိုရှိတုန်း ဘောပင်တွေလူသုံးများလာတာနဲ့ ကျွန်တော့် စီးပွားကျပြီး စက်ကိုရောင်းလိုက်ရပါတယ်။ ဒါနဲ့ ကိုယ်ပိုင် ထုတ်လုပ်ရေး လုပ်ငန်းလုပ်မယ်ဆိုပြီး ရေခဲထုပ်တွေထုပ်ပြီး လမ်းတကာလှည့်ရောင်းပြန်တော့လည်း တွက်ချေမကိုက်တာနဲ့ နောက်ဆုံး ကြံရာမရတဲ့အဆုံး သူတောင်းစားယူနိုက်တက်ဆိုတဲ့ ဘောလုံးကလပ်ဖွဲ့မယ်ဆိုပြီး ငပေါဂေဟာကလူကြီးမင်းတွေကို ခွင့်ပြုချက်ရအောင် ရေခဲထုပ်တစ်ယောက်တစ်ထုပ်စီကျွေးပြီး လဘ်ထိုးလိုက်ပါတယ်။ အဲလိုနဲ့ပဲ ခုလို ကလပ်ပိုင်ရှင်သူဌေးကြီးဖြစ်လာတယ် ဆိုပါတော့ဗျာ။

အား - အော်..ဦးပေါ်ပေါ် တော်တော်ကြိုးစားခဲ့တာပဲ ။ ခုလိုရှင်းပြပေးတာကျေးဇူးတင်ပါတယ်။ ဂေဟာသူဂေဟာသားတွေအတွက်ရော ဘာများပြောချင်ပါသလဲ ။

ပေါ် - ဂေဟာအကျိုးကို တတ်နိုင်သလောက်သယ်ပိုးပါလို့။ ပြီးတော့ သူတောင်းစားတွေ ဘောလုံးလေ့ကျင့်ချိန်မှာ ဘောလုံးလိုက်ကောက်ပေးမယ့် လူလိုနေပါတယ်။ အဲဒါ ဂေဟာက အကြီးအကဲတွေ စိတ်ဝင်စားရင် လာရောက်လျှောက်ထားနိုင်ပါတယ်လို့... အားလုံးကို ကျေးဇူးတင်ပါတယ် ။

4 comments:

    အားရပါးရ၇ီလိုက်တယ်...............

     

    ရီလိုက်ရတာ :D
    အတော်လည်းရေးတတ်တာပဲး)

    နွေးနေခြည်

     

    ဟားဟား။ အခုမှ ဖတ်မိတယ်။ Very funny. :D

     

    情趣商品,情趣精品,情趣用品,威而柔,吊帶襪,情人趣味,情趣,情色,色情,自慰套,情色遊戲,

    SM,情人趣味用品,愛情,情人趣味用品液,一夜情,潤滑液,情色自拍,性愛,飛機杯,同志,

    色遊戲,按摩棒,色情網站,性交,性行為,愛愛,跳蛋,性感睡衣,充氣娃娃,角色扮演,

    做愛,作愛

     

Blogger Templates by Blog Forum