ပျော်ပျော်နေရွှေခဲဆီကစာ
Saturday, 10 January 2009 by chanye`
အစ်ကို၊ ကျွန်တော်စာရေးလိုက်ပါတယ်
ကျွန်တော်လည်း ထုံးစံအတိုင်း ဗလာမဲပါပဲ
ကိုယ့်ဆန်ကောထဲ ကိုယ်ပြာရင်း ဆန်ခါပေါက်တွေက
ကျပြီးရင်းကျနေတဲ့ အကျိုးအကြေနေ့ရက်တွေပါပဲ
လိပ်စာမရှိတဲ့ ပြန်လမ်းကို မတွေးတော့ပါဘူး
အလျားကိုထားလိုက်ပါတော့ ဗျက်ကိုပဲ ဆွဲဆန့်နေရတာ
ပြိုးပြိုးပြက်ပြက်လင်းသွားတဲ့ အခိုက်မှာ မြင်လိုက်ရတာ
အမှောင်ကျနေတဲ့ ပဆစ်တုပ် ကိုယ့်အတ္တဘောကြီးပါ အစ်ကိုရေ့။
အလုပ်ကတော့ အဆင်ပြေပါတယ်
ကိုယ်ဖြစ်နေတဲ့ စက်ရုံရဲ့ မိလ္လာသန့်ရှင်းရေးပေါ့
သူဌေးရဲ့ လှေခါးထစ်ချောင်ကွယ်ကလေးမှာ ကံအားလျော်စွာ
ကျွန်တော်ညစောင့်လည်းလုပ်တယ်
မုန်တိုင်းယာယီရပ်စဲချိန်မှာ အပြင်ထွက်ခွင့်ရပါတယ်
လူစဉ်မမီတောက်တောက်ပြောင်ပြောင်တွေကြား
အယားပြေနှုတ်သီးထိုးခွင့်ရသလိုပေါ့
ဒီမှာဘာတစ်ခုမှ ကိုယ်ပိုင်ရပ်တည်တာမရှိဘူး
မိုးလင်းပေါက်အရက်ဆိုင်လို
အပြိုင်ထိုးအန်နေကြတာ တစ်ရယ်သံပဲ
ကျွန်တော် နည်းနည်းပါးပါး သောက်တတ်လာပြီဗျ
ရေမရောတဲ့ ဟာသခါးခါး ၀မ်းပက်တူးပက်။
ကောင်မလေးလည်းရှိနေပြီ
တစ်ခါတစ်ခါ တွေ့ခွင့်ရတယ်
လက်ချိတ်ပြီး တွဲလျှောက်ရတာထက်
တစ်ယောက်ကျောက တစ်ယောက်အရှိုးရာတွေ
မ၀ံ့မရဲ ထိတွေ့ရတာ အရသာလို့ခေါ်မလား
စကားတွေလည်း ဘယ်လိုကုန်သွားသလဲ မသိတော့ပါဘူး
သူနင်နေတာကို ကိုယ်မြိုချလို့မှမရတာ
သူ့ရယ်မောသံလေးကို ကျွန်တော်နမ်းဖူးတယ်သိလား
ကျွန်တော့်နှုတ်ခမ်းတွေ ရှဲခနဲ ကျက်သွားတယ်
အဲဒါအချစ်လို့ ခေါ်မလား၊ ရယ်ရတယ်နော်။
အရုဏ်ဦးချင်တဲ့စိတ်ကို တားထားရတာ အခက်ဆုံးပဲ
ဒီမှာက ၂၄ နာရီလုံလုံး မီးတွေထိန်လင်းနေတာပဲ
ပိတ်လို့လည်းမရဘူး၊ ခလုတ်တွေလည်း မရှိဘူး
ပူပင်စရာလည်း ဘာမှမရှိဘူး၊ လိုက်လျောညီထွေနေတတ်ရင်
သေတွင်းဟာလည်း ဖိုက်စတားဟိုတယ်ပဲလို့ ဆိုထားတယ်
ကျန်းမာတာကလွဲလို့ ကျန်တာဟာ ဈေးကွက်ထဲက အဖိုးအခပဲ
အစ်ကိုလည်း ကျန်းမာပါစေ။ ကဗျာတွေရေးရင် ပို့ပေးပါ။
ရွှေခဲ
ဇေယျာလင်း
ဗြူတီမဂ္ဂဇင်း၊ စက်တင်ဘာ ၂၀၀၃
(မနိုင်းနိုင်းစနေ ဘလော့မှ တိုက်ရိုက်ကူးယူဖော်ပြသည်)