တကတဲ..ဟိုလူက ချက်လိုက် ဒီလူက ချက်လိုက်နဲ့.. ဟင်းအမျိုးအစားပေါင်း စုံလင်နေအောင် ကြော်၊ ချက်၊ ပြုတ်၊ လှော်၊ ဖုတ်၊ ကင်.. အို.. မျိုးစုံကို ချက်ပြနေကြတာများ .. ။ ချမ်းရဲတို့ ဒီအတိုင်း ငြိမ်နေရင် သူများတွေက ထမင်း၊ ဟင်း မချက်တတ်တဲ့ လူဆိုပြီး အထင်သေးနေအုံးမယ် ။ (ဗီလိန်ရဲ့ပြောပြချက်အရ ဒီခေတ်မှာဆိုရင် မိန်းမမရမယ့်ကိန်းရှိတယ်) အဲဒါကြောင့် ကျွန်တော့်ရဲ့ ဟင်းချက်တဲ့လက်ရာလေးတွေကို မကြွားချင်ပဲ ကြွားရတော့တယ် ။

ဟင်းချက်တယ်ဆိုလို့ ပြောရအုံးမယ် ။ ကျွန်တော်တို့ မျိုးရိုးထဲမှာကို အစားအသောက်နဲ့ ပတ်သက်လာပြီး လုပ်ကိုင်စားသောက်ခဲ့ကြတဲ့ နာမည်ကြီးသူတွေရှိတယ် ။

ကျွန်တော် အဖေဘက်က အဖိုးရဲ့ဘကြီးဆိုရင် ပြည်မြို့ ကမ်းနားလမ်းမှာ ဗရာကြော်ရောင်းလာတာ...
သူ့ရဲ့ တရုတ်ကြီး ဗယာကြော်ဆိုတဲ့ နာမည်ကို ပြည်မြို့ တစ်မြို့လုံး မသိသူမရှိဘဲဗျ။ အဲဒီတရုတ်ကြီး မတိုင်ခင် အရင်က နာမည်ကြီးလှပါပြီရဲ့ဆိုတဲ့ ကုလားလေးအကြော်ဆိုင်တောင် တရုတ်ကြီးနဲ့တွေ့တော့ ပြုတ်ပြုတ်ပြုံးသွားရသပေါ့။ ဒါပေမယ့် ကုလားလေးဆိုင်ကို အပြိုင်အနိုင်ယူနိုင်ခဲ့တဲ့ အဘိုးဘကြီးရဲ့ ဗယာကြော်ဆိုင်ဟာ စည်ပင်ကအကောက်ခွန်နဲ့တွေတော့ အခွန်ဆောင်ရတာများပြီး အရှုံးနဲပဲဇာတ်သိမ်းခဲ့ရပါတယ်။

နောက်တစ်ယောက်က မော်လမြိုင်မှာ ရေခဲခြစ်ရောင်းတဲ့ ဂျီးဒေါ်ပါ ။
သူ့ရဲ့ ရည်းစားဟောင်းနာမည် "ချစ်ကြီး" ဆိုတဲ့ နာမည်နဲ့ စရောင်းခဲ့တဲ့ သူရဲ့တွန်းလှည်းရေခဲခြစ်ဆိုင်လေးဟာ ဘယ်လောက်အောင်မြင်ခဲ့လဲဆိုရင် နိုင်ငံခြားသားတွေတောင် ကြိုက်လွန်းလို့ လာလာအားပေးကြတာ.. နောက်ဆုံး အမေရိကန်သမ္မတ ကလင်တန်တောင်မှ လေယဉ်နဲ့ဝယ်ခိုင်းရင် လမ်းမှာအရေပျော်သွားလို့ ကိုယ်တိုင် လာစားမယ်လုပ်တော့ ငပေါများဂေဟာ အတင်းရေးမှူးတစ်ကြီးက နိုင်ငံထဲအ၀င်မခံစေချင်တာနဲ့ ဂျီးဒေါ်ရဲ့ဆိုင်လေးကို ပိတ်ခိုင်းတော့ ပိတ်ခဲ့ရပြန်ပါတယ် ။

ဒါတင်ဘယ်ကမလဲ ။ ကျွန်တော့် အဘွားရဲ့အဒေါ်တ၀မ်းကွဲ ဖွင့်ခဲ့ဖူးတဲ့ "အကျန်လေး" မုန့်ဟင်းခါးဆိုင်ဆိုရင် အရသာရှိလွန်းလို့ အနယ်နယ်အရပ်ရပ်ကလူတွေ လာအားပေးကြတာ.. ရောင်းရတာ လက်မလည်ဘူး ။ ဆိုင်ခွဲတွေဟာဆိုရင်လည်း ဟော.. ဒီမှာ၊ ဟော.. ဒီမှာ မြင်မြင်သမျှ အကျန်လေး တွေချည်း ဖြစ်နေတာ။ စီးပွားရေးက အောင်မြင်လာတာနဲ့အမျှ Mc Donald's တို့လို franchise ဆိုင်အခွဲတွေ ကမ္ဘာအရပ်ရပ်ဖွင့်မယ်လို့ ရည်ရွယ်ခဲ့တာ.. ။ နောက်ပိုင်းမှာ ငပေါများဂေဟာက ကျန်းမာရေးဝန်ကြီးရဲ့ ဆေးစစ်ချက်အရ မုန့်ဟင်းခါးဟင်းရည်ချက်တဲ့ ငါးတွေမှာ ငါးတုပ်ကွေးလက္ခဏာတွေ့တယ်ဆိုပြီး ဆိုင်ကိုပါပိတ်ခိုင်းခဲ့တာနဲ့ ဆိုင်ပါပိတ်လိုက်ရတယ်။

အဲဒီလို အဲဒီလို အစားအသောက်နဲ့ ပတ်သက်ပြီး နာမည်ကျော်ခဲ့တဲ့ အမျိုးတွေကို ခြေရာနင်းနိုင်ဖို့ ကျွန်တော်ကိုယ်တိုင်လည်း ချမ်းရဲတီးဟောက်စ် ဆိုပြီးဖွင့်ခဲ့တာပါ။ အခုသူများတွေက ဟင်းချက်နည်းတွေ ပြောကြဆိုကြတော့ ကျွန်တော်လည်း လက်စွမ်းပြ ချက်ရတာပေါ့ ။

ကျွန်တော်ချက်မယ့်ဟင်းပွဲကတော့ အရသာရှိလှတဲ့ ကြက်ဥမကျက်တကျက်ကြော် ဖြစ်ပါတယ် ။

ဒီဟင်းပွဲအတွက် လိုအပ်တာတွေကတော့..

(၁) ဂက်စ်မီးဖို (သို့) လျှပ်စစ်မီးဖို (သို့) မိုင်ကရိုဝေ့ဖ်မီးဖို
(၂) ၅လက်မပတ်လည် ဒယ်အိုးတစ်လုံး
(၃) ဟိုမွှေဒီမွှေလုပ်ဖို့ ယောက်မတစ်လက်
(၄) ကြက်ဥကြော်ထည့်ဖို့ ကြက်ဥအရွယ်အစားထက်ကြီးတဲ့ ပန်းကန်ပြားတစ်ချက်
(၅) ကြက်ဥ ၃ လုံး ( တကယ်ဆို ၁လုံးပဲကျော်မှာပါ ။ ကြက်ဥဖောက်တာ မတော်လို့ အောက်ပြုတ်ကျရင် နောက်ထပ်လျာထားတဲ့အနေနဲ့ ၂လုံး အပိုဆောင်ထားတာပါ။ ဖြစ်တတ်လို့..ဖြစ်တတ်လို့...)
(၆) ပဲဆီသန့် .. လက်ဘက်ရည်ဇွန်းနဲ့ ၂၀ ဇွန်းလောက်
(၇) ဆား .. နို့ဆီခွက်နဲ့ အပုံ ၈၀ ပုံ ၁ ပုံ
(၈) အချိုမှုန့် .. ပါတယ်ဆိုရုံ လက်တစ်ဆုပ်လောက် (အချိုမှုန့်မပါတဲ့ ဟင်းပွဲက အရသာမရှိဘူး)

ချက်ပြုတ်နည်း အသေးစိတ် ကိုပြောပြပါမယ် ။

- ပထမဦးဆုံး ဒယ်အိုးကို မီးဖိုပေါ်တင်ပါ ။ ဒယ်အိုး ရေဆိုနေရင် ရေခြောက်အောင် မှုတ်..အဲလေ.. သုတ်ပါ ။

- မီးဖိုမီးဖွင့်ပြီး ဒယ်အိုး ပူလာအောင် ၁မိနစ်လောက် စောင့်ပါ ။

- ၁ မိနစ်ကြာလို့ လျှာနဲ့တို့ကြည့်တဲ့အခါ ဒယ်အိုးပူပြီဆိုရင် ဆီထည့်လို့ရပါပြီ ။

- ၃မိနစ်လောက်စောင့်ပြီး လက်ညိုးနဲ့ဆီကို ပူမပူတို့ကြည့်လို့မှ တော်တော်လေးပူနေပြီဆိုရင် ကြက်ဥဖောက်ထည့်လို့ရပါပြီ ။ (ကြက်ဥဖောက်တဲ့အလုပ်က အတော်လေး လက်ဝင်ပါတယ်)
ကြက်ဥခွဲရာမှာ ကြက်ဥကို ယောက်မဇောင်းနဲ့ ခပ်ဆပ်ဆပ်လေးရိုက်ပြီး အက်ကွဲရာလေးပေါ်လာအောင်လုပ်ပါ။
ပြီးတော့မှ လက်မနှစ်ဖက်နဲ့ ဆီပေါ်က ၂လက်မလောက်အကွာကနေ ကြက်ဥကိုဖောက်ခွဲချပါ။

- ကြက်ဥ ဆီထဲကို ချောချောမောမောရောက်သွားတဲ့အခါ ခုန အသင့်ပြင်ထားတဲ့ ဆားကို ဖြူးပါ။ ကြက်ဥအနှစ်နေရာကို ဆားခပ်များများလေး ဖြူးပေးပါ ။ အချိုမှုန့်ကိုလည်း ထိုနည်းလည်းကောင်း ဖြူးပါ။

- ပြီးတဲ့အခါ ယောက်မနဲ့ ကြက်ဥအနှစ်နေရာကို ဆီနဲ့အုပ်အုပ်ပေးပြီး ကြော်ပါ ။ ကြက်ဥအနှစ် အရမ်းမကျက်ခင် မီးပိတ်လို့ရပါပြီ။

- နောက်ဆုံးအနေနဲ့ ရယ်ဒီဖြစ်နေတဲ့ ကြက်ဥအောက်ခြေကို ယောက်မနဲ့ထိုးကလော်ခပ်ပြီး ဆီစစ် ၊ အသင့်ပြင်ထားတဲ့ ပန်းကန်ထဲထည့်တဲ့အခါ အောက်မှာပြထားတဲ့အတိုင်း အရသာရှိတဲ့ စားချင်စဖွယ် ကြက်ဥမကျက်တကျက်ကြော်ကို ရရှိပြီဖြစ်ပါတယ်ခင်ဗျာ ။










8 comments:

    ဟွန်း.. ဒါ သူများ page က ဟင်းချက်နည်း ကို
    အ ရွဲ့ တိုက်တာလား ?? haha =P

     

    arr.. at lo lone wa hoat woo :O
    just for fun

     

    သိတော့သိတယ် မင်း ကြက်ဥကျော်တဲ့
    နည်းကြည့်ချင်လို့ ချက်နည်းကလဲ
    ကောင်းအစပျိုးထားတာကို ဖတ်တည်းက
    ချက်နည်းသိချင်နေတာ ရယ်ရတယ်ကွာ

     

    i like your blog......

     

    i want to eat it :P

     

    တသက်လုံးကြော်စားလာတာ ဂလောက်ပင်ပမ်းခဲ့မှန်း ခုမှပဲသိတော့တယ်။ တော်ဘီ နောက်တခါ ဘယ်တော့မှကြော်မစားတော့ဘူး .. ပြုတ်စားမယ် :|

     

    ဟီး ဟီး
    သိသွားပြီ အသေးစိတ်
    ဂန္တဝင်ကြက်ဥကြော်နည်း ။းP

     

    ဟင်း .... ကြက်ဥမကြက်တကြက် ကြော်နည်း မို့လို့ပဲ .. ကြက်အောင်သာ ကြော်မယ်ဆိုရင် တော့လား .....

     

Blogger Templates by Blog Forum