ကြွားတယ်ဆိုတာ ကိုယ်ပိုင်ဆိုင်တဲ့အရာကို ထုတ်ဖော်ပြီး ကိုယ့်ကိုလူအထင်ကြီးလာအောင်လုပ်တယ်လို့ ကျွန်တော် အလွယ် ယူဆတယ်။ ။ ဒီတော့ ကျွန်တော်ပိုင်ဆိုင်တဲ့အရာ ကျွန်တော်နဲ့ပတ်သက်ဖူးတဲ့အရာတွေကို ကြွားဖို့ စဉ်းစားကြည့်တော့.. ကြွားချင်စရာကောင်းလောက်တဲ့ အရာမရှိဘူး။

အဲ.. ဒါပေမယ့် သူငယ်ချင်းတွေက ခဏခဏ ငြီးတတ်တဲ့စကားတစ်ခုရှိတယ်။
" အားနေ..မင်းစော်ကိုပဲ လာလာကြွားနေတာပဲ" တဲ့။ ဟုတ်တယ်...ကျွန်တော့်မှာ ကြွားစရာဆိုလို့ ဒီရည်းစားတစ်ယောက်ပဲရှိတာကိုး။ သူတောင်းစားလေးတောင် သူ အသစ်စက်စက်ဝယ်ထားတဲ့ ၂၀၀တန်လောက် နာရီတစ်လုံးကို ကြွားပြီးကြည်နူးနေသလိုမျိုး... ကျွန်တော်လည်း ကျွန်တော် စချစ်ဖူးတဲ့ အချစ်ဦး (ရည်းစားဦးမဟုတ်) တစ်ယောက်အကြောင်း ပြောပြနေရင်ကို စိတ်ထဲအလိုလိုပျော်ရွှင်မိတယ်။ ဒီတော့ သူ့အကြောင်း ကြွားမယ်..။

သူက အရမ်းချစ်ဖို့ကောင်းတယ်။ ချစ်ဖို့ကောင်းလွန်းလို့လည်း သူဆီမှာရည်းစား ၅ယောက်လောက် ကျွန်တော်ရှေ့မှာရှိခဲ့ဖူးတာပေါ့။ အဲဒီ အထဲမှာမှ ကျွန်တော်နဲ့တွဲတာ သက်တမ်းအကြာဆုံး (၂ နှစ်) ဆိုတော့ ကျွန်တော် ဘယ်လောက် ကံထူးလဲ?

သူက အတော်အသင့် ချမ်းသာပါတယ် ။ စကားပြော ကောင်းတယ်။ လူမှုရေး အရမ်း သိတတ်နားလည်တယ် ။ ခင်မင်တဲ့ ယောက်ျားလေးတွေ အများကြီးရှိတယ်။ ယောက်ျားလေးတိုင်း စိတ်ဝင်စားလောက်တဲ့ အရည်အချင်းရှိတယ်။ ကျွန်တော့်ကို မုန့်လည်း ခဏခဏ၀ယ်ကျွေးတယ်။ shopping ထွက်တဲ့အခါ ကျွန်တော့်အတွက် အင်္ကျီလှလှလေးတွေ့ရင် ၀ယ်ပေးတတ်တယ်။ နားလည်မှုရှိတယ်။ ကျွန်တော်ဘ၀ရဲ့ အပျော်ဆုံးဆိုတဲ့ အချိန်တွေ သူက ဖန်တီးပေးနိုင်ခဲ့တယ်။ ကဲ...ခင်ဗျားတို့ ဖတ်ရင်းအားကျ ကြည်နူးနေပြီမဟုတ်လား? :)

အဲလို အရမ်းပြည့်စုံတဲ့ ရည်းစားလေးမို့ လိုချင်တဲ့ လူတော့ များသား။ သူကလည်း လူတိုင်းအပေါ် ဖော်ရွေတတ်သူ ၊ သဘောကောင်းတဲ့သူ ၊ နားလည်မှုတွေအရမ်းပေးတတ်တဲ့သူလေ...။ အချစ်လာပေးတဲ့သူကို အချစ်နဲ့ပဲ သူပြန်တုံ့ပြန်ခဲ့တယ်။ သူမမှာ အမုန်းဆိုတာမှ မရှိတာ။ အဲလောက် ကောင်းတဲ့ချစ်သူဆိုတော့လည်း အမြဲတော့ ဘယ်ပိုင်ဆိုင်ခွင့်ရမလဲနော်။

ဒါကြောင့် ကျွန်တော် နဲ့ ပြတ်သွားလိုက် ပြန်ဆက်လိုက် ဖြစ်တယ် ။ နားလည်မှုမရှိဘဲ တင်းကြပ်တဲ့ ကျွန်တော်နဲ့ ဘယ်အဆင်ပြေချောမွေ့ပါ့မလဲ...။ ကျွန်တော်ကြွားချင်တာ အဲဒါ..။ တခြားလူတွေ ဘယ်နှစ်ယောက်နဲ့ ဘယ်လောက်ပဲ ပြတ်ပြတ် နောက်ဆုံး ကျွန်တော့်ဆီတော့ ပြန်လာတယ် ။ သူ ကျွန်တော့်ကို..အရမ်း..ချစ်..တာ ။

ကျွန်တော်လည်း အရမ်းချစ်တတ်တယ်။ အဲဒီ အရမ်းချစ်တတ်တဲ့ ချစ်ချင်တဲ့စိတ်လေး ပြည့်စုံသွားအောင် သူပဲဖြည့်ဆည်းပေးနိုင်ခဲ့တာ။ သူမနဲ့ ပတ်သက်တဲ့အသိုင်းအ၀ိုင်းကြား ၀င်ဆံ့အောင် နည်းမျိုးစုံနဲ့ကြိုးစားတယ်။ သူဘယ်သွားသွား အတူလိုက်တယ်။ စင်္ကာပူက အထင်ကရနေရာတွေတိုင်းမှာ ကျွန်တော်တို့ရဲ့ခြေရာတွေချည်းပဲလေ။ မနက်နိုးရင် ပထမဆုံး သတိရတာ သူ့ဆီဖုန်းဆက်ဖို့။ နေ့လည်စာကိုလည်း အတူတူစားရမှ ကျေနပ်တယ်။ သူရဲ့ အချိန်တွေအားလုံး ကျွန်တော်လိုချင်တယ်။ ကျွန်တော့အချိန်အားလုံးလည်း သူမကိုပေးထားတာပဲကို.. ကျွန်တော်တကိုယ်ကောင်းဆန်တယ်နော်။ အားတဲ့အချိန်တိုင်း သူနဲ့တွေ့တယ်။ ကြာတော့ အဲဒါတွေ သူ့ကိုအနှောင့်အယှက်ပေးသလိုတွေ ဖြစ်ကုန်တယ်ထင်တယ် :(
အရမ်းချစ်လို့ အိမ်မှာမွေးထားတဲ့ အလှမွေးခွေးလေးတစ်ကောင်ကိုတောင် တချိန်လုံး ကိုယ့်အနားပွတ်သီးပွတ်သပ်လုပ်နေရင် အမြင်ကပ်ပြီး ကန်ထုတ်ချင်မှာပဲလေ...။

"နားလည်မှုရှိရတယ်ဟဲ့.." မှတ်မှတ်ရရ သူ နောက်ဆုံးပြောသွားတဲ့ စကားပါ ။ ဘာကြောင့်မှန်းမသိဘူ.. ကျွန်တော်ကပဲ အတ္တကြီးလွန်းလို့ ထင်တယ်...ဒါမှမဟုတ် စိတ်ထဲမှာ အရင်က သူမအရင်လုပ်ရပ်တွေကို ဘာမဆိုင်ညာမဆိုင် နာကျင်နေတာလား...။ ငါ့မှာ အရမ်းပြည့်စုံတဲ့ရည်းစားရထားတာပဲလေ ဆိုပြီး ခွင့်လွှတ်ဖို့ ပြန်ဖြေသိမ့်တယ်...မရဘူး။ သံသယတွေလည်း များလာတယ်။ ကျွန်တော်ကို အေးဆေးပဲ ချစ်နေတဲ့ သူ့အချစ်က ကျွန်တော့်အတွက် ပူလောင်လာစေတယ်။ ပြီးခဲ့တဲ့အခေါက် သူမ ကျွန်တော့်ဆီ ပြန်လာတဲ့အချိန် ကျွန်တော်နှလုံးသားက ခေါင်းညိတ်တယ်။ ဦးနှောက်က ခေါင်းခါတယ်။

နောက်ဆုံးတော့ ကျွန်တော့် ချစ်သူနဲ့ ထာဝရလမ်းခွဲဖို့ဆုံးဖြတ်လိုက်တယ်။ သူ့ကို လိုချင်တဲ့ လူနောက်တစ်ယောက်က အသင့်ရှိပြီးသားလေ..။ နားလည်မှုရှိလှတဲ့ ကျွန်တော်ရည်းစားကလည်း မငြင်းရက်ပါဘူး။ သူ့စိတ်ကို ကျွန်တော်နားလည်ပေးနိုင်ဆုံးပါ။ ဒီလိုနဲ့ လမ်းခွဲလိုက်တယ်...။

ကြွားစရာမဟုတ်ဘူးလို့တော့ မထင်နဲ့လေ။ ကျွန်တော် သူ့လို ချစ်သူတစ်ယောက်ကို ၂ နှစ်ကြာပိုင်ဆိုင်ခဲ့ရတာ ကျွန်တော်အရမ်းကံကောင်းလို့ပေါ့။ တကယ်ဆို ဘယ်အရာမှမမြဲဘူး။ ကိုယ်တန်ဖိုးအထားဆုံးအရာတွေဟာလည်း တစ်နေ့နေ့ ဆုံးရှုံးရမယ်ဆိုတာကိုလည်း ဆင်ခြင်မိလာအောင် သူပဲ သင်ကြားပေးခဲ့တယ်။ တစ် ဘ ၀ လုံးစာ အတွက် ကျေးဇူးပါ ....ြိ.......်..ွ..် ။

*ပထမဆုံးအကြိမ် အတည်ရေးကြည့်တာ..ဖီးလ်အရမ်းတက်နေလို့* :D

9 comments:

    အတည်ရေးချက်က ကြွေစရာဗျာ...
    မိုက်တယ်.. ပေါ့ပေါ့ပါးပါးတွေ ရေးသလို တခါတခါ ကြားပေါက် အတည်လေးတွေလည်း လုပ်ပေါ့ဗျာ..
    ခံစားချက်နဲ့ ရေးထားတာမို့ ဖတ်ရတာ နင့်သလိုလိုပါပဲ..

    တကယ်ပြတ်သွားတာလားဗျာ.. ကျနော် တွေ့ဘူးတယ်လေ.. လိုက်ဖက်ညီလိုက်ကြတာ.. (ခုရေးထားတဲ့ တစ်ယောက် ထင်တာပဲ) ဘာလို့များ ဝေးသွားကြပါလိမ့်နော်..

    ခင်မင်လေးစားချစ်ခြင်းအားဖြင့်

    ကိုရင်နော်

     

    ချစ်ကိုရာ...
    သတ္တဝါတစ်ခု...ကံတစ်ခုပါပဲလေ...
    ဖြစ်ပြီးရင်ပျက်...ပျက်ပြီးရင်ပြန်ဖြစ်မှာပါပဲ...
    ဖူးစာပါရင်ပြန်ဆုံမှာပါ...
    ဆုံနိုင်ပါစေလို့လဲ ဆုတောင်းပေးပါတယ်ဗျို့...

     

    အွန်... အတည်ရေးတယ်ဆိုလည်း အစကတည်းကပြောတာမဟုတ်ဘူး ဘယ်တော့ရယ်ရမလဲ ရယ်ရမလဲနဲ့ လည်တဆန့်ဆန့် ဖတ်လာတာ နောက်ဆုံးကျမှ အတည်တဲ့... ဒါနောက်တာလား လူကြီးကို... ?? ဟင်း ဟင်း
    နင် အတည်ပြောလည်း နာတော့ နောက်နေတယ် ထင်တာပဲ... ဘာရေးမှန်းကို တိဝူး ... နေဦး ပြန်ဖတ်ဦးမယ်...

     

    သြော် အေး အတည်ဟ...
    ဒီလိုဆိုတော့လည်း သနားစရာတော့ အကောင်းသား...
    အဆင်ပြေနေသားပဲ အဓိကပြဿနာက ဘာလဲ ဒါဖြင့်...
    သူကလည်းချစ် ကိုယ်ကလည်းချစ် အချိန်တိုင်းတွေ့ချင် .. တွေ့လည်းတွေ့ ဂရုလည်းစိုက်... အင် ... ဘာမှားလို့လဲ... နားကိုလည်တော့ဘူး...
    ``ဘာမှားနေလဲ ငါတကယ်ချစ်လွန်းလို့ သူ့အနားမှာပဲ အချိန်တိုင်းနေရဖို့ ဖြူစင်စွာကြိုးစားခဲ့သူပါ... မချစ်ဘူးဆိုတော့ ဘာတွေငါလုပ်လုပ် အပြစ်များစွာနဲ့ ဖြစ်သွားတော့လည်း တွေဝေကာလက်ပိုက်ကြည့်နေရ... ´´ ကျန်တာ ကိုယ့်ဘာသာ ဆက်ဆို...

     

    စိတ်မကောင်းပါဘူး.. ဖူးစာပါရင်ပြန်ဆုံမှာပါ။ အမုန်းနဲ့လမ်းမခွဲ နားလည်မှုပေးလမ်းခွဲလိုက်တာတော့ လေးစားတယ်...

    နွေးနေခြည်

     

    ဂယ်ကြီးလမ်းခွဲတာလား
    ငရဲရာ စိတ်မကောင်းပါဘူး။ ဒါပေမဲ့ မှားနေတာ တစ်ခုမှမတွေ့ရလို့ ဘာလို့လမ်းခွဲတာလည်းဆိုတာက မေးခွန်းကြီးကကျန်ခဲ့တယ်။ ဖြေနိုင်အောင်ကြိုးစားပေါ့နော်။

     

    ဒီလောက်ချစ်တာပျက်ချင်ပါ့မလား..
    မှားတာက သူ ကျွန်တော်တစ်ယောက်ထဲကို ဘယ်တုန်းကမှ ချစ်ခဲ့တာ မဟုတ်ဘူး :(

     

    ဖတ်ရတာ စိတ်မကောင်းဘူး။
    ဒါပေမယ့် အချစ်ဆိုတာကလည်း ထူးဆန်းတယ်။ သိက္ခာတွေ မာနတွေ ထည့်တွက်နေရင်တော့ မှားတယ်လို့ ပြောကြမှာပေါ့။ ဒါပေမယ့် တကယ်ချစ်ရင် အဲဒါတွေ ဘာမှ မမြင်တော့ဘူး။
    အချစ်ကို တွေ့ခွင့် ရခဲ့တာကိုပဲ ကံကောင်းတယ်လို့ ယူဆလိုက်ပါ။

     

    အတည်ရေးတာ
    တအား တိုက်ဆိုင်နေတယ်
    ၂ နှစ်ကြာတာချင်းလည်း တူတယ်
    တ အားချစ်မိတာချင်းလည်း တူတယ်
    သူက အချစ်တွေ ဝေမျှတတ်တာချင်းလည်း တူတယ်
    စဉ်းစားရင်း စဉ်းစားရင်း
    တစ်ယောက်ထဲများဖြစ်နေလား??
    ဟဟ =D

     

Blogger Templates by Blog Forum