ကိုရွှေအကြောင်း
Monday, 26 January 2009 by chanye`
ပြည်မှာ ကျောင်းတက်တုန်းက အရမ်းခင်တဲ့ သူငယ်ချင်းတစ်ယောက် ရှိတယ် ။
နာမည်ကိုတော့ ကိုရွှေလို့ပဲ အတိုကောက် မှတ်ထားလိုက်ပါ (နာမည်အရင်းက အောင်မင်းရွှေဆိုတာ မပြောချင်လို့) ။ အဲဒီအချိန်တုန်းက (၇) တန်း ကျောင်းသားဘ၀ ဆိုတော့ ကလေးတော့ ကလေးပါပဲ.. ဒါပေမယ့် လူပျို မပေါက်တပေါက် အရွယ်လေးတွေပေါ့။ ကျွန်တော်အပါအ၀င်ကျွန်တော်တို့သူငယ်ချင်း လေးယောက်အဖွဲ့က အရမ်း ဆိုးကြတယ် ။ ကိုရွှေက အဖွဲ့ထဲမှာ အသက်အကြီးဆုံး ။ ငယ်ငယ်က ကျောင်း နေတာ နောက်ကျတယ်လို့ ပြောတာပဲ။
တစ်နေ့ ကျောင်းပိတ်ရက် တစ်ရက်မှာ မြို့ပြင်နားမှာ အနှိပ်ခန်းနဲ့ တွဲဖွင့်ထားတဲ့ ကာရာအိုကေဆိုင်ကို ပထမဆုံးအကြိမ်သွားပြီး ကမြင်းကြောထကြတယ် ။ သီချင်းဆိုဖို့သက်သက်ပါ..။ နောက်တော့လည်း ဘီယာပါ သောက်ဖြစ်သွားကြတယ် ။ ခါးတယ်၊ ခါးတယ်ဆိုပြီး သောက်လိုက်တာ တစ်ယောက်ကို ၄ ၅ ခွက်လောက် ကုန်သွားတယ် ။ ပထမဆုံးသောက်တာဆိုတော့ မူးကြ ပြဲကြတာပေါ့ ။ အန်တဲ့လူကအန်၊ လေးဘက်ထောက်တဲ့ လူကထောက်နဲ့ တော်တော်ကို တိုက်ပွဲကျနေတာ။ ကမြင်းလို့လည်း ၀ပြီ...။ ည ၁၀ နာရီလောက် ရောက်လာတော့ ကျွန်တော်က သူငယ်ချင်းတွေကို အိမ်ပြန်ဖို့ပြောတယ် ။ ကိုရွှေကလွဲလို့ ကျန်တဲ့ သူငယ်ချင်းသုံးယောက်က ပြန်မှာကို သဘောတူတယ် ။ ကိုရွှေကတော့ ပိုပြီး လက်တဲ့စမ်းချင်နေတယ်။ အနှိပ်ခံကြရအောင်ဆိုပြီး ကျွန်တော်တို့ကို လာဆွယ်တယ် ။ သူက အိမ်မှာဆို အဘိုးကို အမြဲနှိပ်ပေးနေရသူဆိုတော့ သူလည်း တခါတလေ သူများနှိပ်တာ ခံဖူးချင်တယ် အကြောပြေအောင်လို့တဲ့ (ဆင်ခြေက အဲလိုလာတာ) ။
ကျွန်တော်တို့က အိမ်ပြန်ချိန် အ၇မ်းနောက်ကျနေပြီ ။ မူးတာကလည်း ချာလပတ်ရမ်းနေတော့ ပြန်မှကို ဖြစ်တော့မှာ ။ အဲဒါကြောင့် "နေခဲ့ချင်လည်း နေခဲ့ဗျာ" ဆိုပြီး ကိုရွှေတစ်ယောက်ထဲ ထားခဲ့တယ် ။ သူကတော့ ဇွဲလျှော့တဲ့ပုံ မပေါ်ဘူး ။ သူက တကယ် နေခဲ့မယ်လုပ်နေတယ်လေ ။ ကျွန်တော်တို့လည်း မပြန်ခင် ၅ခါမြောက် ရှူရှူးသွားပေါက်ကြတာပေါ့ (ဘီယာသွားသောက်တာဆိုတော့အရမ်းထွက်ပဲ) ။ နောက်တော့ အိမ်သာ အ၀မှာ ကိုရွှေလည်း ရှူရှူးလာပေါက်တာတွေ့တယ်..။ ကိုရွှေကို နှုတ်ဆက်ရင်း ကျွန်တော်တို့ သူငယ်ချင်းသုံးယောက် အိမ်သာက ထွက်ခဲ့တယ်..။
အဲဒီ ပုဂ္ဂိုလ်ကို စိတ်ချလက်ချထားခဲ့ပြီး အိမ်ပြန်ဖို့ လမ်းမပေါ်ထွက်လာတော့ အနောက်ကနေ ကိုရွှေတစ်ယောက် ကျွန်တော်တို့ကို အော်ခေါ်ပြီး ခပ်သုတ်သုတ် လိုက်လာတယ် ။ လမ်းလျှောက်ပုံကလည်း ထော့နဲ့ ထော့နဲ့ ဖြစ်နေတယ် ။ မျက်နှာက အတော်လေး မအီမသာနဲ့ ဝေဒနာတခုခု ခံစားနေရပုံပဲ ။ ကျွန်တော်တို့ ကို ရှုံ့မဲ့ပြီး ပြောတယ် ... ။ ဘောင်းဘီဇစ်ညှပ်လို့ တဲ့ ။ အဲဒါတော့မှသိတယ်.. သူအင်္ကျီ
ဝတ်တာ ပုံမှန်ဝတ်နေကျလို အထဲကို ထည့်မ၀တ်ထားဘဲ အပြင်ထုတ်ဝတ်ထားတာ။ ရယ်ချင်ပေမယ့် ဒုက္ခရောက်နေသူကို မလှောင်ချင်တာနဲ့ ၁၅မိနစ်လောက်ပဲ ၀ိုင်းပြီး စနောက်လိုက်တယ် ။ နောက်တော့ အိမ်သာထဲပြန်ဝင်ပြီး အော်ပရေးရှင်း စတယ် ။
သူ့ဟာ ညှပ်နေတာမှ .. ဇစ်က အပေါ်ဆွဲလည်းနာ၊ အောက်ဆွဲလည်းမရနဲ့ တော်တော်ဒုက္ခရောက်နေတာ... ။ သူ့ကို ကြည့်ပြီး ကျွန်တော် ငယ်ငယ်က ဇစ်ညှပ်တာကို ပြန်သတိရမိသေးတယ် ... အဲဒီတုန်းက လမ်းပေါ်မှာ ရှင်လောင်းလှည့်နေချိန်ကြီး.. ရှက်လိုက်တာမပြောနဲ့ ။ ပလယာတွေနဲ့ကို ဇစ်ကိုဖြုတ်ပစ်ရတယ် ။
ခု ကိုရွှေဟာက ပိုကြီးတယ်..အဲ ကိုရွှေ ပြဿနာက ပိုကြီးတယ်လို့ပြောတာ ။ သြော် ကိုရွှေမျာ ဒီအရွယ်ကြီးကျမှ...။ ကျွန်တော်တို့သာ မရှိရင် တော်တော် ပြဿနာတက်မှာ ။ အိမ်မှာ သူက တစ်ဦးတည်းသောသား ဆိုတော့ အကူညီတောင်းဖို့ အကိုတွေ ဘာတွေလည်းမရှိတော့ ဒီအတိုင်း ညအိပ်ရမယ့်ကိန်းရှိတယ်..။ နောက်နေ့ ကျောင်းလာရင်လည်း ဘယ်သွားသွား ဘာလုပ်လုပ် ဖရီးကစ်ကန်တာကာကွယ်ရတဲ့ ဘောလုံးသမားလို ပုံစံကြီးဖြစ်နေမှာ မြင်ယောင်တယ်။
ဒါနဲ့ပဲ ကျွန်တော်တို့ထဲက လက်ရဲဇက်ရဲတစ်ကောင်က " ပေး ပေး ငါကျွမ်းတယ် ငါလုပ်မယ်" ဆိုပြီး တစ်ချက်ထဲ အပေါ်ကို အားပါပါ ဆွဲတင်လိုက်တာ "အား" ဆိုတဲ့ ကိုရွှေရဲ့အသံကြီးက စကြ၀ဠာတစ်ခုလုံး တောင်ပဲ့တင်ရိုက်သွားသလား မှတ်တယ် ။ ဆိုင်က လူတစ်ယောက်က ဘာဖြစ်တာလည်းဆိုပြီး လာမေးတော့ ခြေမတံခါးညှပ်တာလို့ပဲ ရှင်းပြလိုက်ရတာပေါ့ ။ ဒါတောင် အဲဒီလူကြီးက စေတနာတွေပိုပြီး ကိုရွှေကို ဆေးထည့်ပေးရမလား မေးနေသေးတယ် ။ နောက်တော့ ကိုရွှေလည်း အနှိပ်မခံဖြစ်တော့ဘူး ။ သူ့ခမျာ အကြောမပြေဘဲ အကြောပြတ်တော့မလို့ ... သီသီလေး လွတ်သွားတာ ။
အဲဒီ အဖြစ်အပျက်လေးကို မကြာခဏ ပြန်သတိရမိတယ် ။ တက္ကသိုလ်တက်တုန်းက အချုပ်တန်းဆရာဖေရဲ့ ကဗျာတစ်ပုဒ် သင်ရတယ်လေ။ ကဗျာ တစ်ပုဒ်လုံးမမှတ်မိတော့ဘူး ။ ပထမနဲ့ နောက်ဆုံးအပိုဒ်ပဲ မှတ်မိတယ် ။ အဲဒါလေးကလည်း ကျွန်တော်တို့အဖြစ်နဲ့ ကိုက်နေလို့...
ဘီယာအရည် လေးခွက်သောက်လို့
သေးထွက်ပေါက်ကြပြီ
လေးဘက်ထောက်မကျမီပင်
ထမည်ဟဲ့ ငါတို့... ( သူငယ်ချင်း ၃ ယောက်အသံ)
...................
...................
တွေးမိတိုင်း ဂျိုးနာတယ် အဘိုးပါ ဆဲချင်ပေါ့လေး (ကိုရွှေ)
ပုံ/ အနှိပ်ခန်း ဆရာရွှေ
မှတ်ချက်။ ။ ဖြစ်ရပ်မှန်ပေါ် အခြေခံထားပါတယ် ။

ပေါက်ပေါက်ရှာရှာ ရေးတတ်ပ
ဖြစ်မှဖြစ်ရလေ ကိုရွှေရယ်
ညစ်ပတ်တယ် -.- ဘာတွေရေမှန်းသိဝူး
ငါ မသိဘူးဟဲ့ နင်ပြောထားလို့နော်... မိန်းကလေး ဖြစ်ပြီးမသိချင်ယောင်ဆောင်နေဆိုလို့ မသိဘူး သိလား ဘာမှ သိဘူး ဟီး..
ထပ်တခါ လေးစားရပြန်ပြီ :)
အ၇မ်း၇ယ်၇တယ်။ တော်တယ်။
လေးစားပါတယ် မောင်ချမ်း